Myanmar Engineering Web Portal: ဘွဲ့ကြီးကြီးပိုက်၍အလာ ရေသာများ၍ ငါးမတွေ့

ဘွဲ့ကြီးကြီးပိုက်၍အလာ ရေသာများ၍ ငါးမတွေ့

(အပြုသဘောနဲ့ ဝေဖန်ထောက်ပြ တင်ပြခြင်းသာဖြစ်ပါသည်။)
 

မြို့ပြအင်ဂျင်နီယာဘာသာရပ်ယူထားသည့် သူ့အတွက် ဘွဲ့နှင့်ကိုက်ညီသည့်လုပ်ငန်းခွင်များကို စတင်လျှောက်ထားစဉ်မှာပင် လိုအပ်သည်ထက်ပို၍ ခေါင်းကိုငုံ့ ထားခဲ့ ရ သည်ဟု ၂ဝ၁၂ ခုနှစ်က အဖြစ်ပျက်တစ်ခုကို ကိုတင်ကိုကိုက ပြန်ပြောပြသည်။ ကုမ္ပဏီများသို့ အလုပ်သွားလျှောက်ရာတွင် ကုမ္ပဏီဘက်မှ ကနဦးအနေဖြင့် ဆက် ဆံ သည့်ပုံစံတစ်ခုရှိသည်ဟု သူက နှာဖူးကြောကို ရှုံ့ရင်း ခပ်တိုးတိုးစကားဆိုလိုက်သည်။

”အထင်သေးတဲ့ မျက်စိနဲ့ကြည့်တာလေ”
ထို့နောက် လက်နှစ်ဖက်ကို ထိုင်ခုံပေါ်သို့ စိတ်လွတ်လက်လွတ် ဆန့်တင်လိုက်ရင်း ”အထင်သေးမယ်ဆိုရင်လည်းသေးလောက်စရာပါဗျာ။ ကျွန်တော်တို့တွေဘက် က လည်း ဘာလုပ်တတ်လို့လဲ”ဟု လေပူများကို ခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း သူကဆိုသည်။ ကိုတင်ကိုကိုက သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းမှ မြို့ပြအင်ဂျင်နီယာ ဘာ သာရပ်ရယူထားသည့် ကျောင်းသား တစ်ဦးဖြစ်ပြီး ၂ဝ၁၂ခုနှစ်တွင် BE ဘွဲ့သို့တက်ရောက်နိုင်ခြင်းမရှိဘဲ B.Tech အဆင့်နှင့် စာမေးပွဲရှုံးခဲ့ရသူ။ သို့သော် သူလုပ် လို သည်က အင်ဂျင်နီယာတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် အဆိုပါလုပ်ငန်း များတွင် အလုပ်လျှောက်ထားခဲ့ချိန်က လူပင်ပန်းသည်ထက် မျက်နှာငယ်ရသည်က ပိုသည်ဟု ဖွင့် ဟသည်။

နည်းပညာတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာအများစုမှာ ရရှိထားသည့် ဘာသာရပ်ဘွဲ့နှင့်ကိုက်ညီသည့် လုပ်ငန်းခွင်များသို့ ကျောင်းပြီးလျှင်ပြီးချင်း တိုက် ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့အပြင် လုပ်ငန်းခွင်အတွေ့အကြုံ ရရှိစေသည့် သင်ကြားမှုပုံစံများကိုလည်း သက်ဆိုင်ရာတက္ကသိုလ်များက ထော က်ပံ့သင်ကြားပေးနိုင်ခြင်းမရှိသေးဟု နည်းပညာတက္ကသိုလ်ကျောင်းသားများနှင့် အင်ဂျင်နီယာအသိုင်းအဝိုင်းက ထောက် ပြလာကြသည်။

လက်တွေ့မဆန်တော့သည့် လက်တွေ့သင်ကြားမှုပညာရေး
၂ဝဝ၈-၂ဝဝ၉ စာသင်နှစ်အတွင်း မြေတိုင်းပညာဘာသာရပ်ကို လက်တွေ့ နှင့်တကွသင်ကြားမည့် ပထမနှစ်ကျောင်းသား ၁၂ဝဝ နီးပါးရှိသော်လည်း လက်တွေ့ သင်ကြားရေးကို တာဝန်ယူမည့် ဆရာကတစ်ဦးတည်းသာရှိသည်ဟု အဆိုပါနှစ်တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို စတင်တက်ရောက်သည့် ကိုတင်ကိုကိုက ပြ န်ပြောပြသည်။ ကျောင်းသားနှင့်ဆရာ အချိုးမညီ မျှသည့်အပြင် ကျောင်းစာသင်ခန်းနှင့် ကျောင်းသားမမျှတသည့်အနေအထား ဖြစ်ခဲ့သည့်အတွက် ကျောင်းသားအများစု မှာ စာသင်ခန်းအား ကျောခိုင်းကာ ကန်တင်း၊ ထန်းရည်ဆိုင်တို့ဘက် ခြေဦးလှည့်သွားကြသည်ဟု သူကဆိုသည်။
အဆောက်အအုံတည်ဆောက်ရာတွင် အချိုးအစား၊ ထည့်သွင်း တည်ဆောက်မှုကို ခန့်မှန်းတွက်ချက်ရသည့်ဘာသာရပ် (Estimate) ကို သင်ကြားရာတွင်လည်း အခြေခံ သဘောတရားတစ်ခုနှင့် ပစ္စည်းအနည်းအကျဉ်းအတွက်သာ တွက်ချက်ခိုင်းခြင်းရှိသည်ဟု သိရသည်။ စင်ကာပူတွင် အင်ဂျင်နီယာဘွဲ့ဖြင့် ဆယ်စုနှစ်ကျော် အ သက်မွေး ဝမ်းကျောင်း ပြုခဲ့သည့် မြို့ပြအင်ဂျင်နီယာတစ်ဦးကမူ ၎င်း၏ကုမ္ပဏီတွင် အလုပ်လာရောက်လျှောက်ထားသည့် ဘီအီးဘွဲ့ရကျောင်းသားတစ်ဦးမှာ တစ်ထပ် တိုက် တစ်လုံး အတွက်ကိုပင် တွက်ချက်နိုင်ခြင်းမရှိဟု အပြစ်တင်သည်။

ယင်းသို့အားနည်းသည်ဟု ထောက်ပြသည့်အပေါ် သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားဖြစ်သည့် ကိုတင်ကိုကိုက ကျောင်း၏လက်တွေ့သင်ကြားပေးမှုအပိုင်းတွင် အစိတ်အပိုင်းတစ်ခု ချင်းအလိုက် အနည်းငယ်မျှသာတွက်ချက်ခိုင်းပြီး ပရောဂျက်တစ်ခုလုံးစာတွက် ချက်သင်ကြားပေးခြင်း အလေ့အကျင့်မျိုးမရှိဟု ဆိုသည်။ ကျောင်းဆင်း လာသည်နှင့် ကုမ္ပဏီ များတွင် တိုက်ရိုက်အလုပ် လုပ်ကိုင်နိုင်ပြီး အထက်ပါတွက်ချက်မှုများကို ကောင်းမွန် စွာ လုပ်ပြနိုင်မည့် အခြေအနေတစ်ခုရှိ နေသေးသည်ကို မြင်ေ တွ့နိုင်မည့် အဖြေတစ်ခုကို ကိုတင်ကိုကိုက ဖြေကြားသည်။
”အပြင်သင်တန်းတွေ သွားတက်ရင်တော့ သုံးလလောက်ဆို ကျွမ်းကျင်နေရောပဲ။ ကျောင်းပညာရေးကတော့ အဲ့ဒီ လောက်ကို မသင်ပေးနိုင်ဘူး”

လက်တွေ့ အသုံးချအင်ဂျင်နီယာ ဘာသာရပ်များကို ပုဂ္ဂလိကသင်တန်း ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားပေးနေသည့် AKI ကျောင်းမှ ဒါရိုက်တာဖြစ်သူ ဦးအေးမင်းမင်းက ကျောင်းသားများ၏ စိတ်ကိုနှိုးဆွပေးနိုင်သည့်သင်ကြားမှုစနစ်ကသာလျှင် ကျောင်းသားကိုယ်တိုင်ပါဝင်လာမည့် ပညာသင်ကြားမှု ဖြစ်လာနိုင်သည်ဟု ထောက်ပြသည်။ ထို့ အပြင် ကျောင်းသားများကိုယ်တိုင် စဉ်းစားတတ်စေခြင်း၊ မေးခွန်းထုတ်နိုင်စေခြင်းနှင့် ဆရာ၊ တပည့်အကြား အပြန်အလှန် ဆွေးနွေးတတ်စေခြင်းတို့ကလည်း လိုအပ် သည့် သင်ကြားမှုပုံစံ တစ်ခုဖြစ်သည်ဟု ဆက်ပြောသည်။ ဗိသုကာဘာသာရပ်၏ လက်တွေ့သင်ကြားမှုတစ်ခုဖြစ်သည့် ပုံဆွဲခြင်းကို တက္ကသိုလ်၌ လက်ဖြင့် သာရေးဆွဲနိုင် ရန်သင်ကြားပေးသော်လည်း ပြင်ပလုပ်ငန်းခွင်များတွင်မူ ကွန်ပျူတာဆော့ဖ်ဝဲ စနစ်များကို ကျွမ်းကျင်စွာအသုံးပြုရေးဆွဲနိုင်မှသာ အလုပ်ခန့်အပ်မည့် အနေအ ထားဖြစ် သည်ဟု အဆိုပါဘာသာရပ်နှင့် ကျောင်းပြီးခဲ့သည့် လှိုင်သာယာနည်းပညာတက္ကသိုလ်မှ ကျောင်းသားဟောင်းတစ်ဦး ကပြောသည်။
အင်ဂျင်နီယာဘာသာရပ်များ သင်ကြားပေးနေသည့် ဆရာဦးအေးမင်းမင်းကမူ တက္ကသိုလ်များအနေနှင့် ပြင်ပစက်မှုလုပ်ငန်းခွင်များတွင် အသုံးပြုနေသည့် နည်း စနစ် များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လက်တွေ့သင်ရိုးများ လေ့ကျင့်သင်ကြားပေးနိုင်ခြင်း မရှိသေးပါက ကျောင်းသားများ ကျောင်းပြီးပြီးချင်း လုပ်ငန်းခွင်သို့ဝင် ရန် ခက် ခဲနေဦးမည်ဖြစ်ပြီး ကျောင်းသားများအတွက် ယုံကြည်မှုပျောက်ဆုံးလာစေနိုင်သည် ဟု ဆိုသည်။ ပရက်တီကယ်အချိန်ဟု သိထားသည့် အဆိုပါ အတန်းချိန်များအပေါ်ကို ဦးအေးမင်းမင်းက ”ခုကဘယ်လိုဖြစ်နေလဲဆို တော့ စသင်ပေးကတည်းက လက်တွေ့အသုံးချနိုင်အောင်မသင်ပေးနိုင်တာ” ဟု မှတ်ချက်ပေးသည်။

မစပ်သောငရုတ်တို့၏ မျှော်လင့်ချက်

အိုင်တီပညာရပ်ကို ၂ဝ၁၂ခုနှစ်က ဘီအီးဘွဲ့ရရှိခဲ့သော်လည်း ယခုအချိန်တွင် မိသားစုလုပ်ငန်းဖြစ်သည့် ပဲခွဲစက်လုပ်ငန်း၌သာ လုပ်ကိုင်ဖြစ်နေသည်ဟု မန္တလေးနည်း ပ ညာတက္ကသိုလ်မှ ကိုဆွေလင်းထွန်းက ပြောသည်။ နည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လို၍ ကြိုးစားခဲ့ဖူးသော်လည်း ယနေ့အထိ အ လုပ် မဖြစ်သေးဟု ရယ်ကျဲကျဲဖြေသည်။ ဘွဲ့နှင့်ကိုက်ညီသည့် အလုပ်ရရန် ပြင်ပသင်တန်း၏ အကူအညီ ရယူရမည်ကို သိသော်လည်း အချိန်နှင့်ငွေ အခက်အခဲ ကြောင့် မိဘ လက်ငုတ်လက်ရင်းလုပ်ငန်းတွင်သာ အသားကျသွားခဲ့ရသည်ဟု ဆိုသည်။

”ကျောင်းသာပြီးသွားတယ်။ကျောင်းမှာ ကွန်ပျူတာနှစ်ခါပဲကိုင်ခဲ့ရ တယ်” ဟု ကိုဆွေလွင်ထွန်းက လက်တွေ့သင်ကြားချိန်များနှင့်ပတ်သက်၍ သူမှတ်သားမိနေ သည့်အချက် ကို ခပ်သွက် သွက် ပြောပြသည်။ အဆိုပါအတန်းချိန် ဘယ်နှချိန်ဝင်ခဲ့ရမှန်းတော့ သူမမှတ်မိဟု ရိုးသားစွာ ဖြေကြားသည်။ ဤတွင် မြန်မာပြည်မှကျောင်း သားများနှင့်အတူ တစ်သားတည်းကျနေသည့် စနစ်တစ်ခုရှိနေသည်ကို သတိပြုရမည် ဖြစ်သည်။ ၎င်းက အလွတ်ကျက်ဖြေ စနစ်ဖြစ်သည်။ စာတွေ့က လက်တွေ့သင်ရိုးထက်များလာခြင်းမှာ သက်မွေးပညာရပ်သင်ကြားနေသည့် ကျောင်းသားများအတွက် ကောင်းမွန်သည့် အထောက်အပံ့ မဟုတ်သော်လည်း ကျောင်းသားများကမူ ပုံစံမေးခွန်းဟုခေါ်သည့် Sample Question အပုဒ်သုံးလေးဆယ်တို့ကြား ရင်းနှီးအ သားကျလာသည်ဟု သိရသည်။

တောင်ငူနည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုဝင်းသူကမူ ”ကျွန်တော်ကတော့ တွက်စာတွေတောင် အလွတ်ကျက်ပြီးဖြေပစ်တယ်။ စာမေးပွဲဖြေရင်း အစောကြီးပဲပြီးနေတယ်။ အမှတ်လည်းအများကြီးပဲရတယ်” ဟု ပွင့်ပွင့်လင်းလင်းပြောပြသည်။ ၎င်းစနစ်ကို အထောက်အပံ့ ပေး လာစေသည့်နောက်ကွယ်မှ အချက်တစ် ချက်လည်းရှိသည်ဟု နည်းပညာတက္ကသိုလ် ကျောင်းသားများထံမှ သိရသည်။ ထိုအချက်က ကျောင်းသင်ရိုးဖတ်စာအုပ်များကို ကံစမ်းမဲနှိုက်ဝယ်ယူရခြင်း ဖြစ်သည်။

ပထမနှစ်မှ B.Tech ရသည်အထိ လေးနှစ်တာလုံးတွင် ဖတ်စာအုပ်များ တစ်ကြိမ်တစ်ခါမှ ဝယ်ယူခဲ့ခြင်းမရှိဟု ကိုတင်ကိုကိုက ပြောပြသည်။ သူ့အတွက် ဖတ်စာအုပ် ကို တန်းစီစနစ်နှင့်တိုးကြိတ်ဝယ်ယူလိုခြင်းမရှိဟုလည်းဆိုသည်။ ထို့ ကြောင့် ပုံစံမေးခွန်းများကို အသားပေးကျက်မှတ်လေ့ရှိသည်ဟု သိရသည်။ မန္တလေးနည်းပညာ ကျောင်းသား ကိုဆွေလွင်ထွန်းမှာလည်း ပထမနှစ်တွင်သာ ဖတ်စာအုပ်ရရှိခဲ့ဖူးသည်ဟု ဆိုသည်။ ကျောင်းသားဦးရေနှင့် ဖတ်စာအုပ်များကို မျှမျှတတဖြစ်စေရန် လုပ်ေ ဆာင်ထားသင့်သော်လည်း ကျောင်းပြန်ဖွင့်တိုင်း ယင်းပြဿနာနှင့် နှစ်ပါးသွားရသည်က မဖြစ်သင့်ဟု နည်းပညာတက္ကသိုလ် ကျောင်းသားအများစုက ညီညွတ်စွာ ဆိုကြ သည်။

အင်ဂျင်နီယာတစ်ဦးအဖြစ် ရပ်တည်ရှင်သန်ရန်စိတ်ကူးခဲ့သည့်အိပ်မက်များက ကျောင်းစတက်သည့်အချိန်မှ စတင်ကာ ထပ်တူညီသည့် အနေအထားတစ်ခုရရှိခဲ့ သလား ဟုဆိုသည့် မေးခွန်းအ ပေါ်တွင်တော့ ကိုတင်ကိုကိုက ဟက်ဟက်ပက်ပက် ရယ်မောရင်း တခြားစီပါပဲဟုဆိုသည်။ သပ်ရပ်မှုရှိပြီး လူနည်းစုကိုစနစ်တကျ သင်ကြားပေးနေ သည့် တက္ကသိုလ် ကျောင်းတော်ကြီးဟု တွေးမြင်ထားသည်က ပထမနှစ် နှစ်စ၌ပင် တက်တက်စင် အောင်လွဲခဲ့သည်ဟု သူကဆက်ပြောသည်။ သို့သော်လည်း အပေါ်ယံ အမြင် များလောက်နှင့်သူစိတ်မပျက်ခဲ့။ ကျောင်း ပြီးလျှင်တော့ ကြိုးစားပါက စီးပွားဖြစ်ကာ ချမ်းသာနိုင်မည့် ဘာသာရပ်ကိုလေ့လာ မိထားပြီးပြီဟု ယုံကြည်ခဲ့သ ည်ဟု ဆို သည်။

 သို့သော်လည်း လက်တွေ့သူရင်ဆိုင်ရသည်က ထိုသို့မဟုတ်ခဲ့။စကားပြောရင်း မောလာသလိုရှိ၍အနားရှိ လိမ္မော်ရည်ကို တစ်ငုံသောက် လိုက်ပြီးမှ ”စမတ်ကျ ကျနဲ့ လုပ်ရဖို့ နေနေသာသာ ရှစ်သောင်းလောက်ရဖို့ ကံကောင်း။ ဆိုက်ထဲက ပန်းရန်၊ လက်သမားကအစ ပညာပြတာခံရတဲ့ အင်ဂျင်နီယာဘဝတွေဖြစ်နေတယ်” ဟု ကိုတင် ကို ကိုက မချိတင်ကဲ ဆိုသည်။ သူ့အတွက်မျှော်လင့်ချက်က မြို့ပြ အင်ဂျင်နီယာဘာသာရပ်ဖြင့်သာ လုပ်ငန်းတစ်ခုတွင် အဆင့်မြင့်မြင့် ရာထူးတစ် ခုနှင့် လုပ်ကိုင်လိုခြင်းဖြစ် သည်။ ထို့ ကြောင့် BE ဘွဲ့တက်ရောက်ရန် ဝင်ခွင့် ပြန်လည်လျှောက်ထားခဲ့ရာ ယခုနှစ်တွင် အောင်မြင်ခဲ့ပြီး ကျောင်းပြန်တက်ရောက် နိုင်ပြီဖြစ်သည်။

အတွေ့အကြုံကို ဘွဲ့နဲ့အတူ တွဲစပ်ပေးပါ
၂ဝ၁၃ ခုနှစ် အောက်တိုဘာလက မန္တလေးမြို့တွင်အလုပ်အကိုင်ပြပွဲတစ်ခု ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် မန္တလေးတိုင်းတစ်တိုင်းလုံးတွင်ရှိသည့် နည်းပညာ တက္က သိုလ်ကျောင်းဆင်း ကျောင်းသားပေါင်း လေးထောင်ကျော် အလုပ်လာ ရောက်လျှောက်ထားခဲ့ကြသည်ဟု အဆိုပါ ပြပွဲကိုကျင်းပသည့် BJ Complex အလုပ်အကိုင် ရှာေ ဖွရေး အေဂျင်စီမှ သိရသည်။ ထိုလျှောက်ထားသူများအတွင်းမှ ၇ဝ ဦးခန့်သာ အလုပ်ရရှိသွားသည်ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေးဂျင်း ဒါရိုက်တာ ဦး ထွန်းအောင်ကျော်ကပြောပြသည်။ အလုပ်ရသွားသူများကလည်း လုပ်ငန်းခွင်အတွေ့အကြုံ ရှိပြီးသားသူများသာ ဖြစ်သည်ဟု သိရသည်။

လုပ်ငန်းရှင်များဘက်မှ အလုပ်လာ လျှောက်ထားသည့် အင်ဂျင်နီယာများကို အခြားသောလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လိုခြင်း ရှိ/မရှိ မေးသော်လည်း ၎င်းတို့ ဘက် က ဘွဲ့နှင့်သက်ဆိုင်သည့်လုပ်ငန်းများ၌သာ လုပ်ကိုင်လိုကြောင်း၊ ၎င်းဘွဲ့ရရှိရန်အတွက် အချိန်နှင့်ငွေများ ရင်း နှီးကာ တက်ရောက်ခဲ့ရသည့်အတွက် အခြားသော အ လုပ် များ မလုပ်ကိုင်လိုကြောင်း ဖြေကြားခဲ့သည်ကို တွေ့ရသည်ဟု ဦးထွန်းအောင်ကျော်က လွန်ခဲ့သည့် တစ်နှစ်ကျော်က အဖြစ်အပျက်ကို ပြန်ပြောပြသည်။
သူတစ်ဦးတည်း၏ သဘောအရဆိုလျှင် လုပ်ငန်းရှင်များဘက်မှလည်း ဘွဲ့ရ ပြီးစကျောင်းသားများကို အလုပ်သင်အဖြစ် ခေါ်ယူသင့်နေပြီဖြစ်သည်ဟု ဆိုသည်။ လက်ရှိ အခြေအနေက နည်းပညာ ကျောင်းဆင်းအင်ဂျင်နီယာများအတွက် အလုပ်မရလို့အတွေ့အကြုံမရှိ။ အတွေ့အကြုံမရှိလို့ အလုပ်မရအနေအထားကို ပိုမိုဖြစ်စေသည်ဟု ၎င်း ၏အမြင်ကို ပြောပြသည်။ Internship ဟုခေါ်သည့်လုပ်ငန်းခွင်များအတွင်းသို့ သွားရောက်ကာ လုပ်ငန်းခွင်အတွေ့အကြုံရယူစေသည့် ပုံစံတစ်ခုမှာ ရန်ကုန်မြို့ရှိ နည်း ပညာတက္ကသိုလ်များတွင် ရှိနေဆဲ ဖြစ်သည်ဟု ကျောင်းသားများထံမှ သိရသည်။
စာသင်နှစ်အပြီးမှသာ သွားရောက်လုပ်ကိုင်ရင်း လုပ်ငန်းခွင်အင်ဂျင်နီယာက ထောက်ခံချက် ရေးသားပေးစေသည့် အဆိုပါ စနစ်က ကျောင်းသားများအတွက် လက်တွေ့ လုပ်ငန်းခွင်တွင် အမှန်တကယ် အထောက်အကူပြုသည့် အနေအထား တစ်ခုဖြစ်လာစေချင်ပြီဟု နည်းပညာကျောင်းသား ကိုတင်ကိုကိုက တောင်းဆိုသည်။ မြို့ပြ အင် ဂျင်နီယာဘာသာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် လုပ်သက်သုံးဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်သော ဒေါ်ထားထားဆွေကမူ စက်မှုသိပ္ပံကျောင်းငါးကျောင်း သာ မြန် မာနိုင်ငံတွင် ရှိခဲ့ စဉ်ကတည်းက စာသင်နှစ်ပြီး၍ ကျောင်း ပိတ်သည်နှင့် ဘာသာရပ်အလိုက် သက်ဆိုင်ရာ အစိုးရဌာနများတွင် အလုပ် သင်အဖြစ် ဝင်ရောက် လုပ် ကိုင်ပေးခဲ့ရခြင်းများရှိသည်ဟု ပြောပြသည်။
တစ်လဟူသည့်အချိန်တွင်း တက္ကသိုလ်ကျောင်းသားများကို လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်အောင် မည်သူမျှသင်ကြားပြသပေးနိုင်ခြင်းမရှိခဲ့။ ထို့ကြောင့် အလုပ်သင် အဖြစ် လုပ်ငန်းခွင် ဆင်းရ သည့် ကျောင်းသားများကဌာနများတွင် တောက်တိုမယ်ရလေးများ ကူညီလုပ်ကိုင်ပေးကြရသည်ဟု သိရသည်။ ”တစ်လလုံးလုံး အေဇီးရိုး စာ ရွက်တွေ ထိုင်ခေါက်ခိုင်းတာ။ အဲ့ဒီခေါက် နည်းဆို အရမ်းကျွမ်းကျင်သွားတယ်” ဟု ဒေါ်ထားထားဆွေက ဆောက်လုပ်ရေး ဝန်ကြီးဌာနလက်အောက်တွင် အလုပ်သင် အဖြစ် လုပ်ကိုင်ခဲ့ရစဉ်က အဖြစ်အပျက်ကို ရယ်သံနှောရင်းပြောပြသည်။
မြန်မာတစ်နိုင်ငံလုံးတွင်မှ အင်းစိန်၊ ကလော၊ ပြည်၊ ချောက်နှင့် မန္တလေး စသည့် ငါးနေရာတွင်သာ စက်မှုသိပ္ပံကျောင်းများရှိပြီး တစ်နှစ်ပတ်လုံးစာတွေ့၊ လက်တွေ့ မျှတေ အာင် သင်ကြားပေးခြင်းကြောင့် A.G.T.I သုံးနှစ် ပြီးဆုံးပါက ဝင်ခွင့်ဖြေပြီးလျှင် BE ဘွဲ့ကို ဆက်တက်နိုင်သည်။ ထို့အပြင် ဒေသကောလိပ်များတွင် နှစ်နှစ် တက်ေ ရာက်ပြီး စက်မှုတက္ကသိုလ်သို့ တိုက်ရိုက် တက်ရောက် နိုင်ခွင့်ရှိသည်ဟုလည်းသိရသည်။ မည်သို့ပင်ဆိုစေ နည်းပါးသည့်အချိန်အတွင်း ထိရောက်သည့် အတွေ့အကြုံများ သင်ကြားပေးနိုင်ခြင်း မရှိဦးတော့လုပ်ငန်းတာဝန်များ မည်သို့လုပ်ဆောင်ရသည်၊ မည်သို့တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိသင့်သည်စသည့်အချက်များတော့ လေ့လာနိုင် မည်ဟု AKI အင်ဂျင်နီယာသင်တန်းကျောင်းမှ ဆရာဦးအေးမင်းမင်းက ပြောသည်။
ကျောင်းသားများအနေဖြင့် ပုံစံငယ် ပရောဂျက်များကို အဖွဲ့လိုက် ပြုလုပ်ရခြင်းများလည်း ရှိသော်လည်း ၎င်းတို့ကို နားလည်မှုတစ်ခုနှင့် အဖြစ်သဘောမဖြစ်စေရန် ကျောင်း သားများဘက်မှလည်း ကြိုးစားလုပ်ကိုင်သင့်သည်ဟု လည်းထောက်ပြသည်။ စင်ကာပူနိုင်ငံတွင်တော့ အစိုးရမှ ကျောင်းလခကို ၈ဝ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးသည့် ပိုလီတက္ကနစ်များကို မြန်မာကျောင်းသားများ တက်ရောက်လို မှုများပြားကြသည်ဟု နိုင်ငံတကာပညာရေး ဝန်ဆောင်မှု လုပ်ငန်းများထံမှ သိရသည်။
ပိုလီကျောင်းများမှာ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များကို လက်တွေ့နှင့် တွဲဖက်ကာဦးစားပေးသင်ကြားသည့် ဒီပလိုမာကျောင်းများလည်းဖြစ်သည်။ ပိုလီကျောင်း ဆင်း ကျောင်းသားများကို စက်မှုလုပ်ငန်းအများစုက အလုပ်ခန့်အပ်ထားလိုကြပြီး လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်သည့်ကျောင်းသားများအဖြစ် သတ်မှတ်ထားကြ သည်ဟု သိရသည်။ ပိုလီ တက္ကနစ်ကျောင်းများကို ကျောင်းသားအများစု သဘောကျသည့် အခြားသောအချက်နှစ်ချက်လည်း ရှိသေးသည်။ ၎င်းက တရားဝင်အချိန်ပိုင်း အ လုပ်လုပ်ကိုင်ခွင့်ပေးခြင်းနှင့် ကျောင်း ပြီးပါက အလုပ်လက်မဲ့ဖြစ်မနေစေဘဲ စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများတွင် ၃ နှစ်တာ လုပ်ငန်းတာဝန်ထမ်းဆောင်ပေး ရန်ဟူ သည်ပင်။
ကျောင်းသားများ စာကျက်ကြပါသည်

တက္ကသိုလ်ကျောင်းသားများတွင် ဖြစ်လေ့ရှိသည့် အတန်းချိန်ပြေးခြင်း၊ စာစိတ်မဝင်စားခြင်းက နည်းပညာကျောင်းသားများတွင်မက မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ေ ပါင်း ၁၆၉ ခုမှ ကျောင်းသား များ၌လည်း စွဲကပ်နေသည့် ညာဉ်ဆိုးဖြစ်သည်ဟု လှိုင်သာယာနည်းပညာတက္ကသိုလ်မှ အီလက်ထရောနစ်အင်ဂျင်နီယာ မေဂျာရယူထားသည့် ကိုအံကြည်မောင်က ဆိုသည်။
ယူနီဖောင်းနှင့် မြင်သာသည့် နည်းပညာကျောင်းသားများက လူမြင်ကွင်းတွင် ရှိနေသည်က အခြားကျောင်းသားများထက် ပို၍ ပြော ဆို ခံရနိုင်ခြေလည်း ရှိသည်ဟု ၎င်းက ထောက်ပြသည်။ သို့သော် ပထမနှစ်သို့ စတင်တက်ရောက်မည့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ရင်ထဲတွင်တော့ စာကိုသာရ ယူ လို သည့် အဖြူထည်စိတ်ကိန်းအောင်နေမည်က အသေအချာဖြစ်သည်ဟု နည်းပညာကျောင်းသား ကိုတင်ကိုကိုက ရဲဝံ့စွာ ဆိုသည်။ တစ်ရက်လျှင်အနည်းဆုံး အသွား/ အပြန် အချိန်လေးနာရီခန့် ယူရကာမြို့အစွန်မှ နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ရန် လာကြသော်လည်း အတန်းထဲတွင် စာသင်ယူလိုစိတ်ပြင်းပြစေရန် ဆွဲဆောင် မှုမ ရှိ သည့်အခါ ကျောင်းသားများက အလိုလို အပြင်ရောက်ကုန်သည်ဟု ဆိုသည်။ထို့ကြောင့်ပင် သက်မွေးကျောင်းပညာရပ်ဖြစ်ပြီး လက်တွေ့သင်ကြားမှု ရှိမှသာ တက်မြောက်နိုင်ခြေရှိသည့် အင်ဂျင်နီယာဘာသာရပ်များအား အာဂုံဆောင်ခြင်းဖြင့် အလွတ်ကျက်ဖြေဆိုကြ တော့ခြင်းဖြစ်သည်ဟုလည်း ၎င်းက သူ့ အမြင်ကို သုံး သပ်ပြ သည်။
”ဝန်ကြီးဌာနကပြောတယ်။ ကျောင်းသားတွေ ကိုယ့်စာကိုယ်ကျက်ကြရင်ပြီး တာပဲဆိုတော့၊ ဟုတ်ကဲ့ လက်တွေ့ ပညာရပ်ကို သင်ရမယ့် အင်ဂျင်နီယာကျောင်းသားတွေ စာတွေကျက်ရင်း ဝိဇ္ဇာကျောင်း သားတွေလိုဖြစ်နေပါပြီ” ဟု ကိုတင်ကိုကို က ကျောင်းသားများ စာကျက်နေကြ ကြောင်းကို ကိုယ်စားပြောပြသည်။

စမ်းနေဆဲစနစ်တွေကြားက ပညာရေးသားကောင်များ
မြန်မာတစ်နိုင်ငံလုံးတွင် နည်းပညာတက္ကသိုလ်နှင့် ကောလိပ်စုစုပေါင်း ၃၂ ခုရှိပြီး မကြာသေးသည့်အချိန်ဖြစ်သည့် ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်မှ ရန်ကုန်နည်းပညာ တက္ကသိုလ် (YTU) နှင့် မြန်မာနိုင်ငံနည်းပညာတက္ကသိုလ် (MTU) တို့ကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ ယခင် ဖွင့်လှစ်ခဲ့သည့် နည်းပညာတက္ကသိုလ်များ၏ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်အတွက် A.G.T.I ၂ နှစ်၊ B.Tech ၂ နှစ်ပြီးဆုံးမှသာ B.E ဘွဲ့အတွက် ၂ နှစ်တက် စုစုပေါင်း ခြောက်နှစ် တက်ရောက်ရမည့် စနစ်ကို ထုတ်ပြန် ခဲ့သည်။ သို့သော် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင်တော့ A.G.T.I ပညာသင်နှစ်မရှိတော့ဘဲ B.Tech ၄ နှစ်နှင့် B.E ဘွဲ့အတွက် ၂ နှစ် စုစုပေါင်းခြောက်နှစ် ပုံစံသို့ ပြောင်း လဲခဲ့ပြန်သည်။ ထိုနှစ်အတွင်း၌ပင် A.G.T.I ပညာသင်နှစ် ၂ နှစ်ကို ပြန်လည်ထည့်သွင်းခဲ့ပြီး B.E ဘွဲ့အတွက် ၁ နှစ်တာသာတက်ရောက်ရမည့် ငါးနှစ် တာ ပညာရေးစနစ်ကို ၂ဝ၁၅ နှစ်ကုန်အထိ ပညာသင်နှစ်ပုံစံအဖြစ် ပြောင်းလဲခဲ့သည်။

ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်တက်ရောက်မည့် ကျောင်းသားများအတွက်တော့ ထိုပညာသင်စနစ် ပုံစံမဟုတ်တော့။ ကြားခံပညာသင်နှစ်များ မရှိတော့ဘဲ B.E ဘွဲ့အတွက် တိုက်ရိုက် ၆ နှစ်တက်ရောက်ရမည် ဖြစ်သည်။ ထို့ ကြောင့် ပြန်သုံးသပ်ကြည့်လျှင် လေးနှစ်တာအချိန်အတွင်း ပညာသင်စနစ်ပုံစံ လေးမျိုး ပြောင်းလဲခဲ့ခြင်းကို တွေ့ရမည် ဖြစ်သည်။အပြောင်းအလဲများသည့် နည်းပညာတက္ကသိုလ် ပညာသင်ကြားရေးစနစ်ဂယက်အကြား ကျောင်းသူ/ကျောင်းသားများ မျောပါကြသည်က အလူး အလဲဖြစ်သည်ဟု ကျောင်းတက်နေဆဲနှင့် ကျောင်းပြီးသွားပြီဖြစ်သည့် နည်းပညာတက္ကသိုလ်ကျောင်းသားများက ဆိုသည်။ အီလက်ထရောနစ်ဘာသာရပ် ကျောင်း သား ကိုအံ့ကြည်မောင်ကတော့ စနစ်တစ်ခုတွင် ခြေချော်လက်ချော် ဖြစ်ကာကျန်ခဲ့သည့် ကျောင်းသားမှာ နောက်ထပ်ပြောင်းလဲလိုက်သည့် စာသင် နှစ်ပုံစံနှင့် တိုးပါက အချိန် ပိုကြာမြင့်စွာ တက်ရောက်ရခြင်းတို့ကြောင့် မလိုလား အပ်ဘဲ စာသင်နှစ် ရှစ်နှစ်ကိုးနှစ်ခန့် ဖြစ်ကုန်ကြသည်တို့ ရှိသည်ဟု ပြောပြသည်။
ဤနေရာတွင် ဆရာ/ဆရာမများ အနေနှင့်လည်း အခက်အခဲရှိမည်ကိုသိ ကြောင်း ကျောင်းသားထုတို့ကိုယ်စားပြောကြားသည်။ ပြောင်းလဲနေသည့် စာသင်နှစ်ပုံစံများ၊ သင်ရိုးများအကြား ဆရာများဘက်မှလည်း စနစ်အရတည်ငြိမ်စွာသင်ကြားနိုင်ခြင်းမရှိတော့သည်ကို နားလည်သည်ဟု သူက ရိုးသားစွာ စကားဆိုသည်။ ထို့အပြင် လက်ေ တွ့နည်းပါးနေသည့် သင်ရိုးညွှန်းတမ်းအတွင်းမှ စာများက စာသင်နှစ်ဝက်တစ်ခုချင်းအလိုက် အလျင်အမြန်နှုန်းထားဖြင့် သင်ကြားနေရခြင်းဖြစ်သည်ဟု သူ ကေ ထာက်ပြသည်။ ကျက်စာဘာသာရပ်များကဲ့သို့ လက်တွေ့ သဘောတရားနည်းပါးလာသည့် အင်ဂျင် နီယာစာပေများကို မှတ်သားရင်း ရလာသည့် ဘွဲ့ထက် ဘဝ တစ်ေ လျှာက်လုံးစာအတွက် အသက်မွေးဝမ်းကျောင်းကို အ ထောက်အကူပြုမည့်ဘွဲ့ကိုသာ လိုချင်သည်ဟုလည်း ကိုအံ့ကြည်မောင်က ဆိုသည်။
ပညာရေးစနစ် အပြောင်းအလဲများကြောင့် တိုက်ဆိုင်စွာဖြစ်ပေါ်လာရသည့် ကျောင်းသားများ၏ အစမ်းသပ်ခံ အခြေအနေတို့က ပြည်တွင်းလုပ်ငန်းခွင်များတွင် တိုက်ရိုက်
ဝင်ရောက်လုပ်ကိုင်ရန်အတွက် စိန်ခေါ်မှုများရှိနေဆဲလည်းဖြစ်သည်။ အချို့သော အင်ဂျင်နီယာဘာသာရပ်ကျောင်းသားများက နိုင်ငံခြားသို့သွားရောက်၍ ပညာသင်ခြင်း၊ အတွေ့အ ကြုံယူခြင်းများ ပြုလုပ်နိုင်သော်လည်း ပြေလည်မှုသိပ်မရှိလှသည့် မြန်မာပြည်၏ သာမန်လူတန်းစားမှ ပေါက်ဖွားလာသည့် အင်ဂျင်နီယာကျောင်း သားများ အတွက် ပြည်တွင်းပညာရေးနှင့်ပင် လုံ လောက်ရန်လိုပြီဟုလည်း ကိုတင်ကိုကိုက ၎င်းနှင့်ယှဉ်ကာ နည်းပညာတက္ကသိုလ်များ အခြေအနေပေါ် သုံးသပ်ပြော ဆိုနေ ရခြင်းဖြစ်သည်ဟု ပြောပြသည်။
ယခုနှစ် အောင်စာရင်းဆုံးဖြတ်ရာတွင်တော့ B.Tech မှ ဂုဏ်ထူးတန်း B.E သို့အကူး အမှတ်ပေးစည်းမျဉ်းများကို ယခင်အတိုင်း သတ်မှတ်ခြင်းမရှိဘဲ ပြောင်းလဲ သတ်မှတ် ခဲ့ရာ မှတ်တမ်းဝင် အောင်ချက်နိမ့်ကျမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ နည်းပညာတက္ကသိုလ် ကျောင်းသားအများစုကလည်း ထိုအခြေအနေနှင့် ပတ်သက်၍ တိကျစွာ ပြန်လည် ဖြေ ရှင်းပေးရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သို့ တောင်းဆိုနေကြပြီ ဖြစ်သည်။ ဝန်ကြီးဌာနမှ ဗဟိုချုပ်ကိုင်စနစ်ဖြင့် စာမေးပွဲအောင်စာရင်းများကို ယခင်ပျမ်း မျှ ၆၅ မှတ် ရရှိခြင်းဖြင့် ဂုဏ်ထူးတန်းတက်ရောက်နိုင်နေသည်မှ တစ်ဘာသာ ၆၅မှတ်နှုန်းဖြင့် ပြောင်းလဲလိုက်ခြင်းက ကျောင်းသားများ အကျများစေပြီး ယင်း စနစ်ကို စာမေး ပွဲဖြေဆိုပြီးသည်အထိ ပြောင်းလဲမှန်းမသိရခြင်း၊ အသိမပေးခြင်း က ပိုဆိုးသည့်အခြေအနေဖြစ်သည်ဟု နိုဝင်ဘာ ၂ဝ ရက်နေ့က နည်းညာကျောင်း သားများက သတင်း စာရှင်းလင်းပွဲ လုပ်ကာ ပြောဆိုခဲ့ကြသည်။
ထို့အပြင် စာမေးပွဲကျ၍ အဆုံးစီရင်သွားသည့် ကျောင်းသားနှစ်ဦးလည်းရှိသွားခဲ့ရာ ယခုနှစ်အတွက် နည်းပညာတက္ကသိုလ်များအပေါ် မည်ကဲ့သို့စနစ် နှင့်စီရင်ကိုင်တွယ် မည်က စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပြီဟု ဆိုရမည်ဖြစ်သည်။ မိမိကိုယ်မိမိ သတ်သေသွားခဲ့သည့် ကျောင်းသားနှစ်ဦးအတွက် ကျောင်းသားအချင်းချင်း လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ရေးသားထားသည့် စာမေးပွဲမအောင်လို့ သတ်သေတယ်။ အောင်တော့ရော ဘာဖြစ်မှာမို့လို့လဲဟူသော စာသားမှာ ကျောင်းသားတို့၏ အနေအထားကို လှစ်ဟပြနေသည်ဟု ခံစားမိစေသည်။ အစမ်းသပ်ခံပညာရေးစနစ်အတွင်း ကျင်လည်ခဲ့သည့် ကိုတင်ကိုကိုက ”စမ်း သပ်နေတာတွေ ရပ်လိုက်ပါတော့” ဟု ဝန်ကြီးဌာနသို့ ကျောင်းသားတစ်ဦး၏ ရင်တွင်းစကားကို ဆောင်းပါးမှတစ်ဆင့် လက်ဆောင်ပါးပေးပါရန်ဆန္ဒပြုသည်။

ထို့ကြောင့် လိုအပ်ချက်မြင့်မားလာ သည့် နည်းပညာတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာများအတွက် ကျောင်းပြီးလျှင်ပြီးချင်း လုပ်ငန်းခွင် ဝင်ရောက်နိုင်စေမည့် ပညာ သင်ကြားမှုစနစ်က အဘယ်နည်း။ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံပေးသည့်စနစ်ကား အဘယ်နည်း။ တစ်နှစ်လျှင် တစ်ကြိမ်နှုန်းပြောင်းလဲနေသည့်စနစ်များက အ ဘယ်ကြောင့်နည်း။ ကျောင်းသားအင်အားနှင့် မျှတသည့် အချိုးအစားတစ်ခု ရောက်ရှိရန် ဆရာအင်အား ဘယ်တော့ရရှိမည်နည်းဟူ သည့်မေးခွန်းများက ကျောင်းသား ထု ဘက်မှ ဆက်တိုက်ထွက်ပေါ် လာနေပြီ ဖြစ်သည်။ ကျောင်းသားများဘက်က အထက်ပါ မေးခွန်းများအတွက် အဖြေဟု ယူဆနိုင်သည့် စကားတစ်ခွန်းကို နည်းပ ညာကျောင်းသားများ သီးသန့် လုပ်ဆောင်သည့် သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ပြောကြားလိုက်သည်။ ”အခုပညာရေးကို ဦးဆောင်ကိုင်တွယ်နေတဲ့သူတွေက သူတို့ ဘယ်လို ကျောင်းသားတွေကို မွေးထုတ်ပေးချင်တာလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ စာတော်ပြီး တီထွင်ကြံဆနိုင်စွမ်း မရှိတဲ့ အမိန့်ကိုသာ နာခံတတ်တဲ့ ပညာ တတ်တွေ ဖြစ်စေချင်တာလားတော့ မသိပါဘူး” ဟူ၍သာ။

ဖိုးလပြည့်၊ သုတလင်း
Popular News Journal

သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.