Myanmar Engineering Web Portal: Personality = Concrete

Personality = Concrete

Attitude + Knowledge + Skills + Luck = Personality
Cement + Coarse Aggregate + Fine Aggregate + Water = Concrete
BTech Tin Ko Ko's photo.

Concrete ဖွဲ့ စည်းပုံကို လေ့လာကြည့် မယ်ဆိုရင်
ဒီကနေ့  အိမ်တွေ၊ အဆောက်အဦးတွေ၊ လမ်းတံတားတွေမှာ အသုံးပြုနေကြတဲ့ ကွန်ကရစ်တွေဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး(Personality)နဲ့  ဖွဲ့ စည်းထားပုံချင်း တူညီတယ်လို့  ယူဆမိပါတယ်။

ကွန်ကရစ်ကို ဘိလပ်မြေ(Cement)၊ ကျောက်စရစ်(Coarse Aggregate)၊ သဲ (Fine Aggregate)၊ ရေ (Water)စတဲ့ အရောအနှောတွေနဲ့  ဖွဲ့ စည်းထားပါတယ်။တကယ်လို့  ဒီအရောအနှောတွေသာ စနစ်တကျ မဖွဲ့ စည်းနိုင်ခဲ့ရင်တော့ ကောင်းမွန်ခိုင်ခံ့တဲ့ ကွန်ကရစ်ကို ရရှိမှာ မဟုတ်ပါဘူး။

Personality (ကိုယ်ရည်ကိုယ်သွေး)ဟာလည်း လူတစ်ဦးချင်းစီရဲ့  စိတ်နေသဘောထား(Attitude)၊ အသိပညာ(Knowledge)၊ ကျွမ်းကျင်စွာ အသုံးချနိုင်မှု(Skills)၊ နဲ့ ကံ(Luck)တို့  ပေါင်းစပ်ဖွဲ့ စည်းပြီး ဖြစ်ပေါ်လာတယ်လို့  ရှုမြင်မိပါတယ်။

ဒီပေါင်းစပ်ဖွဲ့ စည်းမှုကပဲ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို သာလွန်ကောင်းမွန်အောင်၊ဒါမှမဟုတ် ပိုပြီး နိမ့်ကျ ပျက်စီးသွားအောင် လုပ်ဆောင်နိုင်ပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ဟာ ဘ၀မှာကြုံတွေ့ လာရမယ့် အခက်အခဲတွေ၊လောကဓံတရားတွေကို ကြံ့ ကြံ့ ခံ ရင်ဆိုင်ဖြေရှင်း နိုင်မယ်လို့  ယုံကြည်မိပါတယ်။

Equation (1)….. Attitude = Cement
ကွန်ကရစ် ဖွဲ့ စည်းမှုမှာ ဘိလပ်မြေဟာ ဖွဲ့ စည်းမှုမှာ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံး အရောအနှော ဖြစ်ပါတယ်။ သဲနဲ့ ကျောက်စရစ်ကို တွဲကပ်စေဖို့  ဘိလပ်မြေက လုပ်ဆောင်ပေးရပါတယ်။ ကွန်ကရစ် ခံနိုင်အားက အသုံးပြုတဲ့ ဘိလပ်မြေကောင်းခြင်း၊မကောင်းခြင်း ပေါ်မူတည်နေပါတယ်။
 ထို့ အတူ ကိုယ်ရည်ကိုယ်သွေးကလည်း စိတ်နေသဘောထား ကောင်းခြင်း၊ မကောင်းခြင်းပေါ် အဓိကမူတည်နေပါတယ်။
 စိတ်နေသဘောထားဟာ ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်ထင်ရှားအောင် ပြုလုပ်ပေးနိုင်ဆုံး အရာတစ်ခုဖြစ်ပါတယ်။ ဘ၀မှာ ကြုံတွေ့ ရမယ့် အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ လူတစ်ယောက်ချင်းစီရဲ့  ဘ၀အပေါ်ထားရှိတဲ့ စိတ်နေသဘောထားပေါ်မှာ အဓိက မူတည်ပါတယ်။

Equation (2)…..Knowledge = Coarse Aggregate
ကွန်ကရစ် ဖွဲ့ စည်းမှုအရောအနှောတွေထဲမှာ အမာကျောဆုံးအရာကတော့ ကျောက်စရစ်ပါ။
 ကျောက်စရစ်က ကွန်ကရစ်ကို ကြံ့ ခိုင်မာကျောအောင် လုပ်ပေးနိုင်သလို အသိပညာကလည်း လူတစ်ယောက်ရဲ့ ဘ၀ကို ပိုမိုကောင်းမွန်လာအောင် အခက်အခဲတွေ ဖြေရှင်းတဲ့အခါ၊ဆုံးဖြတ်ချက်တွေ ချတဲ့အခါတွေမှာ ကူညီပေးနိုင်ပါတယ်။

Equation (3)…..Skills = Fine Aggregate
ကွန်ကရစ်ဖွဲ့ စည်းမှုမှာသဲသာ မပါဝင်ခဲ့ရင် ရောစပ်မယ့် ကျောက်စရစ် အရွယ်အစားကြီးလာတာနဲ့ အမျှ လေဟာနယ် (Voids) တွေပေါ်လာပြီး လုံလောက်တဲ့ တွဲစပ်မှုကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ ခံနိုင်ရည်အားနည်းပြီး ညံ့ ဖျင်းတဲ့ ကွန်ကရစ် ဖြစ်သွားပါလိမ့်မယ်။
ဒီလိုပါပဲ ဘ၀မှာ အသိပညာပဲရှိပြီး လက်တွေ့ အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုမရှိပြန်ရင်လည်း ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။

Equation (4)…….. Luck = Water
ကွန်ကရစ်ဖျော်စပ်ရာမှာ ရေက ကံနဲ့ ထူး မခြားနားပါပဲ။ ရေအရမ်းများသွားရင် ကွန်ကရစ်ရဲ့ ခံနိုင်အားက လျော့ကျသွားပြီး ရေအရမ်းနည်းသွားရင်လည်း ကွန်ကရစ်ပျော့ပျောင်းမှု မရှိတော့ပဲ လိုသလို ပုံသွင်းဖို့  ခက်ခဲသွားနိုင်ပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကံ ကိုယုံကြည်ကြပါတယ်။ ဒါကလည်း မှန်ကန်တဲ ယုံကြည်မှုလို့ မြင်မိပါတယ်။
ဒါပေမယ့် ကံကို အလွန်အကျွံ့ ယုံကြည်ခြင်းဟာ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

“ကံကိုယုံပြီး ဆူးပုံမနှင်းနှင့် ” ဆိုတဲ့ ဆိုရိုး စကားလည်းရှိတယ်မဟုတ်လား။မလျော့မတင်း စောင်းကြိုးညှိခြင်း ဆိုတဲ့ အလယ်အလတ် လမ်းစဉ်ကသာ အကောင်းဆုံးပါ။
By (1) ,(2), (3) and (4)

Personality = Concrete

Civil Engineer တစ်ယောက်အနေနဲ့  ကိုယ့်ရဲ့  လုပ်ငန်းခွင်မှာ အမှားအယွင်း မဖြစ်အောင် ဘိလပ်မြေ ဖျော်စပ်မှုကို ဂရုစိုက်ရသလိုမျို့း  ကိုယ်ရည်ကိုယ်သွေးကိုလည်း ကောင်းမွန်အောင် ဂရုစိုက်သင့်ပါတယ်။ မိတ်ဆွေများအနေနဲ့ လည်း ကိုယ်ရည်ကိုယ်သွေးကို ပိုမိုကောင်းမွန်တိုးတက်အောင် အခုကစပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။

BTech Tin Ko Ko


သင်တန်း

    RC Structure Analysis and Design
    (လက်တွက်+ETABS+KSI Application)
    စသည့်သင်တန်းများစုံစမ်းရန်
    Contact - 09789444780

Created by BTech Tin Ko Ko.